မေတ္တာရှင်ဆရာတော်နှင့် စေတနာရှင်တို့၏ ဒုတိယအကြိမ် လှူဒါန်းမှုများ

17.2.2011 ရက် ကြာသပတေးနေ့ တွင် မေတ္တာရှင် ဆရာတော် အရှင်ဇဝန ဦးဆောင်၍ စေတနာရှင် ကုသိုလ်ရှင်တို့ စုပေါင်းလျက် ဒုတိယအကြိမ်အဖြင့် ပြင်ဦးလွင်မြို့ အနီးရှိ ဆရာ ဖုန်းမြင့်အောင် တည်ထောင်ထားသော သုခမေတ္တာ မိဘမဲ့ကျောင်း၊ ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ၏ ဒိုးပင်အောင်ကံသာ ပရဟိတကျောင်း၊ ဆရာတော် ဦးဉေယျ ၏ ပရဟိတမျက်မမြင်ကျောင်း နှင့် အာရှအလင်းရောင် မိဘမဲ့ ကျောင်းများ သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ မုန့်၊ အဝတ်အထည်များ နှင့် ပိုက်ဆံတို့ကို သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ကြပါတယ်။




မန္တလေး-လားရှိုးလမ်းဘေး၊ ပြင်စာကျေးရွာရှိ သုခမေတ္တာ မိဘမဲ့ကျောင်း



သုခမေတ္တာ မိဘမဲ့ကျောင်းမှ မိဘမဲ့ကလေးများ



ပထမဦးစွာ ပြင်စာကျေးရွာရှိ သုခမေတ္တာ မိဘမဲ့ ကျောင်းသို့ ရောက်ရှိကြပြီး ထိုကျောင်းရှိ မိဘမဲ့ကလေးငယ် (၅၄)ယောက်တို့ အတွက် ဆရာတော် မှ မတည်ငွေဖြင့် စေတနာရှင်တို့မှ စုပေါင်းကောက်ခံ ရရှိငွေ လေးသိန်း နှစ်သောင်းကျပ် (၄၂၀၀၀၀)ကျပ် နှင့် ဆန် ငါးအိတ်၊ ဆား နှစ်အိတ်၊ ဆီ တစ်ပုံး တို့ကို လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအားလုံးတို့အတွက် အမျှဝေပေးခဲ့ပြီး သာဓုခေါ်ဆိုခဲ့ကြပါသည်။



ဒိုးပင် ပရဟိတကျောင်းမှ မိဘမဲ့ကလေးများ



မိဘမဲ့ကလေးများအတွက် ပေါင်းထားသော ထမင်းများ



ဆရာတော်မှ ကလေးများ ထမင်းစားကြသည်ကို လှည့်လည် ကြည့်ရှု့နေစဉ်



ကလေးများ စတီးဇလုံကြီးတစ်လုံးတွင် ငါးယောက်ဝိုင်းဖွဲ့၍ ထမင်းစားနေကြစဉ်



ဤသို့ ပဲဟင်း အချဉ် ငါးပိကြော်ဖြင့် စားကြရသည်။



စေတနာရှင်တို့လှူဒါန်းသည့် ပစ္စည်းများ



ကလေးများ ထမင်းစားရန် ထည့်ထားသော ထမင်းဇလုံကြီးများ



ကလေးများအတွက် ကံစမ်းမဲဖောက်၍ ပေးနေစဉ်



ထိုမှ တစ်ဆင့် အနီးစခန်း အနီးရှိ ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းသို့ ရောက်ရှိကြပြီး ထိုကျောင်းတွင် မိဘမဲ့ကလေးငယ် တစ်ထောင်ကျော် ရှိရာ ထိုကလေးငယ် များအတွက် လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်နှင့် မုန့် မျိုးစုံ တို့ကို ပေးအပ် လှူဒါန်းခဲ့သည့် အပြင် ကလေးငယ်များအတွက် ပိုက်ဆံတစ်ထောင်တန်၊ ဗလာစာအုပ်နှင့်ခဲတံများ၊ မုန့်ပုံး၊ ဘီစကစ်၊ ဘောင်းဘီ၊ အင်္ကျီနှင့် လွယ်အိပ်များ အပြင် စေတနာရှင်တို့မှ မဲလိပ်အတွင်း ငွေငါးထောင်ကျပ်တို့ ထည့်၍ ဆရာတော် ကိုယ်တိုင် ကလေးများအား ကံစမ်းမဲဖောက်၍ လှူဒါန်းဒါန ပြုခဲ့ကြပါသည်။ ထိုကျောင်းအတွက် ဆရာတော် ၏ မတည်ငွေ သုံးသိန်းနှင့် အတူ စေတနာရှင်တို့၏ လှူဒါန်းမှုငွေနှင့် ပစ္စည်းအားလုံးတို့၏ စုစုပေါင်းတန်ဖိုး ငွေ မှာ ကျပ် သိန်းသုံးဆယ်နဲ့ ငါးသောင်း(၃၀၅၀၀၀၀) ဖြစ်ပါသည်။ ဆရာတော် မှ ထိုကျောင်းအတွက် လစဉ်အလှူငွေ သုံးသိန်း အပြင် ဆရာတော်၏ တရားများကို နားကြားခဲ့ရသော စေတနာရှင် ဒကာတစ်ဦးမှလည်း ထိုကျောင်းအတွက် လစဉ် အလှူငွေ နှစ်သိန်း လှူဒါန်းခဲ့ ကြောင်း သိရပါသည်။ ထို ဒိုးပင်မိဘမဲ့ ကလေးများအတွက် ထမင်းကျွေးမွေး လှူဒါန်းဒါနပြုလိုပါက တစ်ရက်တာ ထမင်းစရိတ်မှာ မနက်နှင့် နေ့လည်စာ အတွက် ငါးသိန်းကျပ် နှင့် ညနေစာ အပါအဝင် သုံးနပ်စာအတွက် ဆိုလျှင် ကိုးသိန်းကျပ် ကုန်ကျမည်ဖြစ်ပါသည်။ ထိုသို့ လှူဒါန်းကြပြီးနောက် လှူဒါန်းမှု အားလုံးအတွက် ဆရာတော်မှ အမျှပေးဝေ၍ သာဓု အနုမောဓနာ ခေါ်ဆိုခဲ့ကြပါသည်။



မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ စာရင်း



မျက်မမြင်ကျောင်းသားလေးများ စာသင်နေပုံ



မျက်မမြင် ကွန်ပျူတာ ဆရာ



မျက်မမြင် ကျောင်းသူလေးများမှ ယိမ်းအက ဖြင့်ဖျော်ဖြေနေပုံ



ဆရာတော်နှင့် စေတနာရှင်တို့ သွားကြသော ကားများ

ထိုကျောင်းမှ တဆင့် မဟာအံ့ထူးကံသာ ဘုရားအနီးရှိ ဆရာတော် အရှင် ဦးဉေယျ တည်ထောင်ထားသော မျက်မမြင်ပရိတကျောင်းသို့ ရောက်ရှိလာရာ ထိုကျောင်းအတွက်လည်း ဆန်နှစ်ပိုင်း ဆီတစ်ပုံး၊ ဆားတစ်အိပ် အပြင် စေတနာရှင်တို့ ၏ အလှူငွေ လေးသိန်းတစ်သောင်းကျပ် တို့ကိုလှူဒါန်းခဲ့ကြပြီးနောက် မျက်မမြင် ဂီတပညာရှင်များအဖွဲ့မှ အက သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။



အာရှအလင်းရောင် ကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းနေပုံ

ထို့နောက် ဆရာတော်နှင့် စေတနာရှင် တို့ အဖွဲ့သည် အောင်ချမ်းသာ ရွာ အနီးရှိ အာရှအလင်းရောင် ပရဟိတကျောင်းသို့ ရောက်ရှိလာကြပြီးနောက် ထိုကျောင်းအတွက်လည်း ဆန်နှစ်ပိုင်း၊ နှင့် ဆားတစ်အိပ်အပြင် စေတနာရှင်တို့၏ အလှူငွေ သုံးသိန်း တစ်သောင်းကျပ်ကို လှူဒါန်း ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေပြီး သာဓုအနုမောဓနာခေါ်ဆိုခဲ့ကြပါကြောင်း အများပြည်သူများလည်း မုဓိတာပွားများပြီး၊ စေတနာထား၊ မေတ္တာ ပွားများနိုင်သည့်အပြင် လှူဒါန်းလိုသော ပရဟိတစိတ်ကလေးများ ပွားများပေါ်ပေါက်လာနိုင်စေရန်အတွက်ရေးသား ဖော်ပြလိုက်ရပါသည်။


ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

ဤအကြောင်းအရာကို ဇော်သိင်္ခ - ( http://zawtk.mandalaybloggers.org ) မှ ရေးသားဖော်ပြထားခြင်း ဖြစ်ပါသည်။

0 Response to "မေတ္တာရှင်ဆရာတော်နှင့် စေတနာရှင်တို့၏ ဒုတိယအကြိမ် လှူဒါန်းမှုများ"

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net